အကြောင်းအရင်း မယ်မယ်ရရမရှိပဲ ညညဆို အိပ်မပျော်နိုင်ဖြစ်နေတာ ဘာကြောင့်လဲ
ပုံမှန်အားဖြင့် Insomnia လို့ခေါ်တဲ့ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေမှာ တခြားသူတွေထက် ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်ဖို့ ခက်ခဲသလို၊ အိပ်သွားရင်လည်း အမြဲတမ်း အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်နေသလို ခံစားရနိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ရောဂါတစ်ခု ဆိုပေမဲ့လည်း လူရွယ်လူလတ်ပိုင်းအရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။
ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိပဲ ညည အိပ်မပျော်ဖြစ်နေရတဲ့အကြောင်းအရင်းများ
ဒီလိုမျိုး ရောဂါမရှိဘဲ အိပ်မပျော်တာဆိုရင်တော့ များသောအားဖြင့် တစ်နေ့တာမှာ လုပ်လိုက်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ စိတ်နဲ့ခန္ဓာဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ကောင်းစွာအိပ်ပျော်သွားဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေထဲမှာ
- စိတ်ဖိစီးမှုဝေဒနာကို နာတာရှည်လိုမျိုး ကာလကြာမြင့်စွာ ခံစားနေရတာ
- အိပ်ပျော်မှုအချိန်ဇယား ပုံသေမရှိဘဲ ဖြစ်သလို အိပ်တတ်တာ
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲတတ်တဲ့ အကျင့်ရှိတာ
- PTSD လို မတော်တဆမှုတစ်ခုခု ကြုံတွေ့ပြီးနောက် စိတ်ဒဏ်ရာကျန်ခဲ့တာ
- အလုပ်အကြောင်းပြချက်နဲ့ ညဆိုင်းတွေ မကြာခဏဆင်းရတတ်တာ
- နေ့လယ်ဘက်မှာ အချိန်အကြာကြီး တစ်ရေးအိပ်တတ်တာ
- ကဖင်းဓာတ် သောက်သုံးမှုများလွန်းတာ
- အိပ်ကာနီးမှ အစားအစာတွေကို ပမာဏအများကြီး စားသုံးတာ
- ရုပ်ခန္ဓာဆိုင်ရာ နာကျင်မှုဝေဒနာကို ခံစားနေရတာ
- အရေပြား ယားယံခြင်းဝေဒနာကို ခံစားနေရတာ
- ကိုယ်ဝန်ဆောင်နေတာ
- ဦးနှောက်အာရုံကြောဆိုင်ရာ အားနည်းနေတာ
- တခြားရောဂါတွေနဲ့ ကျန်းမာရေးကြောင့် ဆေးပြင်းတွေ စွဲသောက်နေရတာ
- အသက်အရွယ် ကြီးရင့်လာတာ စတာတွေ ပါဝင်ပါတယ်။
အိပ်မပျော်တဲ့ညတွေ များလွန်းလာတဲ့အခါ
ညအိပ်ချိန်ဟာ အစားထိုးပြန်မရနိုင်တဲ့ အရာတွေထဲကတစ်ခုဖြစ်ပြီး တစ်ရက်တလေ ညမအိပ်လို့ သိသိသာသာ ပြောင်းလဲထိခိုက်သွားတာမျိုးတော့ မရှိပေမဲ့ အမြဲလိုလို အိပ်ရေးပျက်တတ်ရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ အိပ်စက်ခြင်းဟာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်
၁။ ကိုယ်တွင်းထဲမှာ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပြီး ဆဲလ်အသစ်တွေ ပိုမိုထွက်လာအောင် ကူညီပေးပါတယ်။
၂။ ဆုတ်ပြဲသွားတာ၊ ဒဏ်ရာဖြစ်နေတဲ့ ကြွက်သား၊ အရိုးအဆစ်တွေကို ပြုပြင်ပေးပြီး နဂိုအတိုင်း ပြန်ကောင်းလာအောင် သွယ်ဝိုက်တဲ့နည်းနဲ့ ကုသပေးပါတယ်။
၃။ တစ်နေ့တာလုံး အလုပ်လုပ်ထားရတဲ့ ကိုယ်လက်အင်္ဂါ၊ ကိုယ်တွင်းအစိတ်အပိုင်းတွေကို နောက်တစ်ရက်မှာ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်စေဖို့ အနားပေးပါတယ်။
၄။ ဦးနှောက်အာရုံကြောစနစ်ကို အနားပေးပြီး တွေးခေါ်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ မှတ်ဉာဏ် အားနည်းတာကို ကာကွယ်ပေးပါတယ်။
၅။ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို အိပ်စက်ခြင်းကနေလည်း ရသလို၊ ကုန်သွားတဲ့ အားအင်တွေအတွက်လည်း ကောင်းကောင်း အိပ်စက်အနားယူခြင်းဖြင့် ပြန်ဖြည့်တင်းပေးနိုင်ပါတယ်။
၆။ စိတ်ခံစားချက်ဆိုင်ရာ လှုပ်ခတ်တာတွေ၊ ပြဿနာတွေနဲ့ စိတ်အပြောင်းအလဲ မြန်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၇။ ကိုယ်ခံအားကောင်းစေပြီး ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။
၈။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေအပြင် တချို့သော ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
၉။ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးပြီး ကောင်းတဲ့ဟော်မုန်းတွေ ပိုမိုထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။
၁၀။ ခန္ဓာကိုယ်က ခံစားနေရတဲ့ နာကျင်မှုဝေဒနာကိုလည်း လျော့ပါးစေပါတယ်။
ဒါဆို ကောင်းကောင်းအိပ်ပျော်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲ?
- တစ်နေ့တာမှာ အစာအာဟာရ ပြည့်ဝစုံလင်အောင် စားပေးပါ။
- လေ့ကျင့်ခန်းများများ လုပ်ပေးပါ၊ အိပ်ချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်ကြားမှာ အနည်းဆုံး ၂ - ၃ နာရီခြားပေးပါ။
- ကဖင်းဓာတ်သောက်သုံးမှုကို ထိန်းချုပ်ပါ။
- နေ့လယ်ဘက် တစ်ရေးတမော အိပ်တာကို ရှောင်ပါ။
- အိပ်ချိန်ဇယားကို သေချာသတ်မှတ်ပြီး နေ့တိုင်း အဲဒီအချိန်ဇယားအတိုင်း ရအောင်အိပ်စက်အနားယူပါ။
- စိတ်ဖိစီးမှုကို လျှော့ချပါ။
- ကိုယ့်အိပ်ခန်းနေရာဟာ ဆူညံသံကင်းနေပါစေ။
- အိပ်ချိန်နဲ့ အနည်းဆုံး တစ်နာရီခြားပြီး ဖုန်း၊ ကွန်ပျူတာသုံးတာ၊ တီဗီကြည့်တာတွေ နောက်ဆုံးထားပေးပါ။
အိပ်စက်မှုဆိုင်ရာပြဿနာတွေကို ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်